ကံကောင်းစေဖို့ အဆောင် ယတြာ

အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စသဖြင့် လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကိုယ်နဲ့မကွာ မိမိအတွက် အန္တရာယ်တွေကင်းပြီး ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံအောင် အထောက်အကူအနေနဲ့ အဆောင်ယတြာ ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်နိုင်တဲ့ အဆောင်များအကြောင်းကို တင်ပြပေးချင်ပါတယ်။

ကိုယ့်ရဲ့နေ့နံအလိုက် နေ့နံရုပ်ကို ဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လိုဆောင်ရမလဲဆိုရင် ဥပမာ – တနင်္ဂနွေသားသမီးဆိုရင် တနင်္ဂနွေဟာ ဂဠန်ရုပ်ဖြစ်တဲ့အတွက်  ဂဠန်ရုပ်ကို ထုရမှာဖြစ်ပါတယ်။ ဂဠန်ရုပ်ထုတဲ့အခါမှာလည်း ဒီအတိုင်းတော့ မရပါဘူး။ စောင်းလျားသား ၊ ဇီဇဝါသား စသဖြင့် အင်္ဂါနံစပြီး ဗုဒ္ဓဟူးနံဆုံးတဲ့ သစ်သားကို ထုရမှာဖြစ်ပါတယ်။

နံနက် ၉း၀၀နာရီကနေပြီးတော့ ၁၀း၃၀ နာရီအတွင်းမှာ တူးပြီး (သစ်သားခုတ်ယူပြီး) နံနက် ၉း၀၀နာရီကနေ ၁၀း၃၀နာရီအတွင်းမှာပဲ ထုတာမျိုး အရုပ်လုပ်တာမျိုးဆိုရင် ဒီအစီအရင်အတွက် အကျုံးဝင် ဘောင်ဝင်ပါတယ်။ ပိုပြီးတော့ စွမ်းအားဖြစ်စေပါတယ်။

တကယ်လို့ ဒီအသားတွေ တူးတဲ့အခါမှာ  (သစ်သားခုတ်ယူတဲ့အခါမှာ)  နံနက် ၉း၀၀နာရီကနေ ၁၀း၃၀ နာရီအတွင်း မလုပ်နိုင်ဘူးဆိုရင် (အသားရှိပြီးသားဆိုရင်) အရုပ်စပြီးတော့ လုပ်တဲ့အခါမှာ နံနက် ၉း၀၀နာရီကနေပြီး ၁၀း၃၀ နာရီအတွင်း စတင်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ကိုင်ရမှာဖြစ်ပါတယ်။ အဲဒီအရုပ်ကို မိမိက အမြဲတမ်းဆောင်ထားမယ်ဆိုရင် အန္တရာယ်ကင်းပြီး အထောက်အပံ့ဖြစ်ပြီး မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။

တနင်္လာသားသမီးဆိုရင်

ကျားရုပ်ကို ထုရမယ် ။ အချိန် နံနက် ၉း၀၀ နာရီကနေ ၁၀း၃၀ နာရီအတွင်း ယင်းမာအသား ၊ လိမ္မော်သား ဒီအသားတွေကို ကျားရုပ်ထုလုပ်ရမှာ ဖြစ်ပါတယ်။

အင်္ဂါသားသမီးဆိုရင် ခြင်္သေ့ရုပ်ကို ဖက်သန်းအသားနဲ့ ထုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးဆိုရင် ဆင်ရုပ်ကို သနပ်သား ၊ သစ်ကနက်သားတို့ကို ထုလုပ်ရမှာ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးဆိုရင် ကြွက်ရုပ်ကို တောင်အုန်းသား ၊ ထန်အုံးသားတို့ကို ထုလုပ်ရမှာ ဖြစ်ပါတယ်။

သောကြာသားသမီးဆိုရင် ပူးရုပ်ကို အင်ကြင်းအသားနဲ့ ထုရမှာ ဖြစ်ပါတယ်။

စနေသားသမီးဆိုရင် နဂါးရုပ်ကို ခံစပ်သား ၊ ကညင်သားနဲ့ ထုရမှာ ဖြစ်ပါတယ်။

မိမိမှာ ကိုယ်ခံအားဖြင့် အထောက်အပံ့တွေ ရပြီးတော့ အရာရာမှာ ကောင်းကျိုးကို အတတ်နိုင်ဆုံး အထောက်အပံ့ဖြစ်ပြီးတော့ လိုရာဆန္ဒတွေ ပြည့်မှာဖြစ်ပါတယ်။ ကောင်းကျိုးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)